အလုံ ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.ထ.က(၆) အခြေခံပညာအထက်တန်းကျောင်းရှိ အနန္တပညာခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့၀င်(၁)ဦးဌေးကြွယ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် ဝန်ထမ်းများမှ မြန်မာအီလက်ထရောနစ်မဲပေးစက် တပ်ဆင်နည်းနှင့် အသုံးပြုနည်းများကို လက်တွေ့ရှင်းလင်းပြသခဲ့ပြီး တက်ရောက်လာသူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်စေခဲ့ကာ မဲပေးစက်အသုံးပြုပုံကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ မြို့နယ်အဆင့်လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း(၁၆၃)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို သင်တန်းကာလ(၂)ရက်ဖြင့် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ယောဧရာ (မြို့နယ် ပြန်/ဆက်)