မြောက်ဥက္ကလာပမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

မြောက်ဥက္ကလာပ ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်ခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ဆုတောင်းပြည့် မယ်လမုစေတီ သာသနာ့ဗိမာန်သုံးထပ်ဆောင်၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ဝေမာခင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ Power Point ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို သင်တန်းနည်းပြဆရာများမှ အီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ်မဲပေးစက်များ စစ်ဆေးခြင်း၊ ရွေးကောက်ပွဲနေ့မတိုင်မီ မဲရုံတွင် မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့်စမ်းသပ်ခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် စမ်းသပ်မဲပေးခြင်း၊ မဲပေးချိန်တွင် မဲပေးစက်များကိုင်တွယ်ခြင်း၊ အရန်စက်လဲလှယ်ရန်အခြေအနေ၊ မဲရေတွက်ခြင်း၊ မဲပေးနေစဉ်အတွင်း အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆန္ဒမဲဖြတ်ပိုင်းများ ရေတွက်ရမည့်အခြေအနေ စသည့်အကြောင်းအရာများကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းများကို (၁၄- ၇-၂၀၂၅) ရက်နေ့မှ (၆-၈-၂၀၂၅) ရက်နေ့အထိ သင်တန်းအပတ်စဉ် (၁)ကြိမ်လျှင် သင်တန်းသား(၁၁၂)ဦး၊ တက်ရောက်မည်ဖြစ်ပြီး သင်တန်းကို အပတ်စဉ်အလိုက် နှစ်ရက်သင်တန်းပို့ချပေးမည်ဖြစ်ကြောင်းနှင့် စုစုပေါင်း သင်တန်းအပတ်စဉ်(၇)ကြိမ်၊ စုစုပေါင်းသင်တန်းသား(၇၈၆)ဦး တက်ရောက်သင်ယူမည်ဖြစ်ရာ သင်တန်းချိန်မှာ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးမည်ဖြစ်‌ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)