မူဆယ် ဇူလိုင် ၁၄
ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ဈေးရပ်ကွက်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးလွှမ်းမိုးအောင်က သဘာဝဘေးအန္တရာယ်အကြောင်းကိုအသိပညာပေးဟောပြောခဲ့ပြီး ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့ဆောင်ရွက်ရမည့်အချက်များကို သရုပ်ပြသခြင်းများကို ပြုလုပ်ခဲ့ကြသည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့် အသိပညာပေး ဆက်လက်ဟောပြောခဲ့ကြောင်းနှင့် အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)