တိုက်ကြီး ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (တိုက်ကြီး) အနော်ရထာခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးဝင်းမောင်က ရွေးကောက်ပွဲစနစ်အသစ်တွင် မဲပေးမှုစနစ်အသစ်ဖြင့် မဲပေးစက်ကို ကိုင်တွယ်အသုံးပြုရမည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် မဲရုံအဖွဲ့ဝင်များ ကျွမ်းကျင်စွာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းအောင်က သင်တန်းသားများအနေဖြင့် မဲပေးစက်လက်တွေ့ကိုင်တွယ်တပ်ဆင်ခြင်းတို့တွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့စမ်းသပ် မဲပေးခြင်းကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)