မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူကြိုကလေးငယ်များနှင့် ကဗျာရွတ်ခြင်း၊ ပုံပြင်ပြောခြင်း၊ စာဖတ်ခြင်းနှင့် ဆေးရောင်ခြယ်ခြင်းများဆောင်ရွက်

မူဆယ် ဇူလိုင် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ Bright Pre School မူကြိုကျောင်းမှ ကလေးငယ်များအား ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ငယ်ရွယ်စဉ်ကပင် စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ကဗျာရွတ်ခြင်း၊ ပုံပြင်ပြောခြင်း၊ စာဖတ်ခြင်းနှင့် ဆေးရောင်ခြယ်ခြင်းများကို မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ စာကြည့်တိုက်လှုပ်ရှားဆောင်ရွက်မှုတွင် မူကြိုကျောင်းမှ ကလေးငယ်များက ကိုယ်တိုင်ကဗျာရွတ်ခြင်း၊ ဆေးရောင်ခြယ်ခြင်းများကို ပြုလုပ်ခဲ့သည်။ ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဝန်ထမ်းများက ကလေးငယ် (၄၀) ဦးအား ရုပ်ပုံကားချပ်များကို ပြသပြီး အသိပညာ ဗဟုသုတရရှိစေမည့် ပုံပြင်ပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းနှင့် မူကြိုကလေးငယ်များအတွက် အာဟာရအဖြစ် မုန့်များကို ဝေပေးခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)