သုံးခွ ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးလင်းမောင်သက်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ထွေးအိငယ်ငယ်အောင်မှ မဲပေးစက်နှင့်ပတ်သက်၍ ထိန်းချုပ်စက်၊ ဆန္ဒပြုစက်၊ မဲပေးချက်ဖော်ပြစက်အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် အခမ်းအနားသို့တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများမှ မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် ခလုတ်နှိပ်မဲပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ စာသင်ကျောင်းများမှ ဆရာ၊ ဆရာမ ၆၅၄ ဦးအား တစ်ကြိမ်လျှင် သင်တန်းသား ၁၀၉ ဦးဖြင့် ဇူလိုင် ၁၄ ရက်မှ သြဂုတ် ၁ ရက်နေ့ထိ သင်တန်းနည်းပြဆရာ ၁၀ ဦးက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)