မုဒုံမြို့၌ မိုးရာသီ ကွင်းဖွင့်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မုဒုံ ဇူလိုင် ၁၄

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီ၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၅ ခုနှစ် မိုးရာသီ ကွင်းဖွင့်ဖလား ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့က မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မီတာ (၄၀၀) ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို ဘောလုံးအားကစားနည်းအား လူတန်းစားအလွှာအသီးသီးမှ အထူးစိတ်ဝင်စားလာပြီး မြန်မာ့ဘောလုံးအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားစေရန်နှင့် မြို့နယ်၊ ပြည်နယ် ပြိုင်ပွဲများမှ နိုင်ငံလက်ရွေးစင် ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ကျင်းပလျက်ရှိပြီး ဗိုလ်လုပွဲစဥ်အဖြစ် ရွှေပန်းထိမ်(မုဒုံ)အသင်းနှင့် ဒိုးကလေး (ပေါင်) အသင်းတို့က ယှဥ်ပြိုင်ခဲ့ရာဒိုးကလေး(ပေါင်)အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်ဆွဲ၍ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပြည်သူများ စုစုပေါင်း(၃၀၀၀)ခန့်က ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ဆုပေးပွဲကိုကျင်းပရာ အကောင်းဆုံးဂိုးသမားဆု၊ အရှေ့တန်းဆု၊ အလယ်တန်းဆု၊ အနောက်တန်းဆု၊ ကစားသမားဆု၊ အသင်းလိုက် တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)