တာချီလိတ် ဇူလိုင် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ယာဉ်လမ်းအန္တရာယ်ကင်းဝေးစေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်)မှ တာဝန်ရှိသူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (ဟောင်လိတ်)၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်)တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အေးမင်းအောင်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို သိရှိလိုက်နာကြစေရန်၊ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းစေရန် ဆောင်ရန်/ရှောင်ရန် အချက်များကို အကျယ်တဝင့် ရှင်းလင်းဟောပြောပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အမှတ် (၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်)မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိညာပေး ဟောပြောပွဲများကို ဇူလိုင်လ ၁၄ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိ တာချီလိတ်မြို့နယ်အတွင်း ကျန်ရှိနေသည့် အခြေခံပညာအထက်တန်းကျောင်းများနှင့် ပုဂ္ဂလိက ကိုယ်ပိုင်အထက်ကျောင်းများတွင် တစ်ပတ်လျှင် တစ်ကျောင်းနှုန်းဖြင့် ဟောပြောပွဲများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)