ဒဂုံအရှေ့ ဇူလိုင် ၁၄
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်ဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သက်မွန်ဆွေနှင့်ဝန်ထမ်းများ၊ သင်တန်းသား (၁၀၅) ဦး တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သက်မွန်ဆွေက သင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြသည်။
အဆိုပါသင်တန်းတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပထမအသုတ်ဖြင့် ဆရာ၊ ဆရာမ၊ ဌာနဆိုင်ရာများမှ သင်တန်းသား၊ စုစုပေါင်း(၁၀၅)ဦးဖြင့် သင်တန်းကာလ(၂)ရက်ကြာ ဇူလိုင်လ ၁၄ ရက်မှ ၁၅ ရက်နေ့ထိ နံနက်ကိုးနာရီခွဲမှ ညနေလေးနာရီအချိန်ထိ မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းများကို အသုတ်(၄)သုတ်ခွဲကာ စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးမဉ္ဇူ