လှိုင် ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁)အခြေခံပညာအထက်တန်ကျောင်းရှိ ဘုရင့်နောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဒေါ်ယမင်းဟန်နီနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးမှဆရာ၊ ဆရာမများ၊ လဝကရုံးမှဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။ အဆိုပါအခမ်းအနားတွင် လှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ယမင်းဟန်နီမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်စေခဲ့ကာ မဲပေးစက်အသုံးပြုပုံကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့်ဝန်ထမ်းများမှ မြန်မာအီလက်ထရောနစ်မဲပေးစက်တပ်ဆင်နည်းနှင့် အသုံးပြုနည်းများကို လက်တွေ့ရှင်းလင်းပြသခဲ့ပြီး သင်တန်းသားများအား လက်တွေ့ပြုလုပ်စေခဲ့ကြောင်းနှင့် သင်တန်းသား (၄၇၂) ဦးအား (၄) ကြိမ်ခွဲ၍ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဇော်နိုင် (ပြန်/ဆက်)