ကြည့်မြင်တိုင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲကျင်းပ

ကြည့်မြင်တိုင် ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း စပယ်ဖြူခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညီညီက အဖွင့်အမှာစကားပြောကြားပြီး ကြည့်မြင်တိုင်မြို့နယ် ရွေးကောက်ပွဲအရာရှိ ဒေါ်တင်တင်မြက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်း (၁/၂၀၂၅) သင်တန်းကို ၁၄.၇.၂၀၂၅ ရက်နေ့မှ ၁၅.၇.၂၀၂၅ ရက်နေ့ထိ သင်တန်းသား၊ သင်တန်းသူ (၁၂၃) ဦးဖြင့် ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခိုင်ဇာလင်း (ပြန်/ဆက်)