ရပ်စောက်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

ရပ်စောက် ဇူလိုင် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ‌အခြေခံပညာအထက်တန်းကျောင်း(ပင်ဖြစ်)၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်သူက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက အဆိုပါကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။ ဆက်လက်၍ ကျောင်းသား/ကျောင်းသူများကို ဟောပြောချက်များမှ မေးခွန်းများ ပြန်လည်မေးမြန်းကာ အဖြေမှန်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

၎င်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများကလည်း စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)