မိုင်းကိုင်မြို့နယ်၊ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးမှုအခြေအနေများအား ကွင်းဆင်းကြပ်မတ် 

မိုင်းကိုင် ဇူလိုင် ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ သမဝါယမအသင်းသားများ၏ မိုးစပါးစိုက်ပျိုးမှုအခြေအနေများကို ယမန်နေ့ နေ့လည်ပိုင်းက ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်မှူး၊ သမဝါယမအသင်းစုချုပ် ဒုတိယဥက္ကဋ္ဌ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းများမှ တာဝန်ရှိသူများက ကွင်းဆင်းကြပ်မတ်မှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းမှုတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်မှူး ဦးကျော်မိုးတင့်၊ သမဝါယမအသင်းစုချုပ်ဒုတိယဥက္ကဋ္ဌ ဦးဖေသိန်းနှင့်အဖွဲ့သည် ဆင်ခြေဖုန်းမြောက်ကျေးရွာအုပ်စု၊ ကွင်းအမှတ်-၉၊ တောင်သူဦးဝိမလ ပိုင်လယ်မြေဧက ၆ ဧကတွင် DU-12 စပါးမျိုးများ စိုက်ပျိုးထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။

မိုင်းကိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း မိုးစပါးစီမံကိန်းသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် မိုးစပါးစီမံကိန်းပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သမဝါယမအသင်းများမှစုပေါင်း၍ ရွှေလွယ်လိုင်စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းလီမိတက်၊ ရွက်သစ်လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်၊ ဆင်ခြေဖုန်းမြောက်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်တို့မှ သမဝါယမအသင်းသားတောင်သူ ၄၀ ဦး၊ လယ်မြေဧက ၂၁၄ ဧကအတွက် သွင်းအားစုတန်ဖိုး စုစုပေါင်း ငွေကျပ် ၄၂၈ သိန်းကို ပံ့ပိုးထားကြောင်း သိရသည်။

ချော(မိုင်းကိုင်)