ကျိုင်းလပ် ဇူလိုင် ၁၄
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့၌ မီးခိုးမြူငွေ့လျှော့ပါးစေရေးနှင့် လယ်ယာမြေဥပဒေများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက နမ့်ခင်းအုပ်စု၊ ကျကကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ကျိုင်းလပ်မြို့ သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးမင်းက တောင်ယာခုတ်ခြင်းမှ တစ်ဆင့်သဘာဝအလျှောက် တောမီးလောင်ကျွမ်းခြင်း၊ တို့မီး၊ ရှို့မီးနှင့် အခြားပေါ့ဆမီးများဖြစ်ပေါ်လာနိုင်ခြင်းနှင့် လေထုညစ်ညမ်းမှုကိုဖြစ်ပွားစေသည့် မီးခိုးမြူငွေ့များ လျှော့ပါးစေရေး၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများတည်ထောင်ခြင်း၊ ရေချိုရှားပါးမှု မဖြစ်ပေါ်စေရန်နှင့် ရေထွက်များတည်တန့်စေရန်၊ ရေချွေတာသုံးစွဲရန်၊ တရားမဝင်သစ် ထုတ်လုပ်မှုလျှော့နည်းပပျောက်စေရးတို့ကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး မြို့မြေစာရင်းဦးစီးမှူး ဦးမောင်မောင်တာက ကျေးရွာနေပြည်သူများအား လယ်ယာမြေဥပဒေ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ မြေယာများလုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)