အင်းစိန် ဇူလိုင် ၁၃
၂၀၂၅ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ခြင်းနှင့် ဓာတ်မြေဩဇာ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆန်စပါးသုတေသနခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားတွင် မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးနိုင်က မိုးစပါးစိုက်ပျိုး ပြီးစီးမှုအခြအနေကို ဖြည့်စွက်ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်သည်များကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းဒေသကြီးမန်နေဂျာ ဦးကျော်သူရက ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရေးနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် အချက်များအား ရှင်းလင်းတင်ပြပြီး မြန်မာ့အာမခံလုပ်ငန်းသီးနှံအာမခံဌာန ဒုတိယအထွေထွေမန်နေဂျာ ဒေါ်ဝါဝါအေးက လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်တို့က တင်ပြလာသည်များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်အမှာစကားပြောကြားသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်များက တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများနှင့် ဓာတ်မြေဩဇာများကို ပေးအပ်ကြပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တောင်သူများ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးနေမှုများအား ကြည့်ရှုအားပေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာ၊ တောင်သူ ဒေါ်အေးအေးပိုင်၏ လယ်မြေ (၁၀) ဧကတွင် လယ်ထွန်စက်ကြီးများဖြင့် ထွန်ယက်နေမှုများ၊ တိုက်ရိုက်အစေ့ချ ကိရိယာ (Seeder) ဖြင့် သရုပ်ပြစိုက်ပျိုးနေမှု၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြနေမှု၊ လက်ဆွဲ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြနေမှုများအား ကြည့်ရှုအားပေးပြီး တိုက်ရိုက် မျိုးစေ့ချကိရိယာ (Seeder) ဖြင့် သရုပ်ပြ စိုက်ပျိုးခဲ့သည့် တောင်သူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ တက်ရောက်လာကြသည့် တောင်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားသည်။
အဆိုပါ တိုက်ရိုက်အစေ့ချ ကိရိယာ(Seeder)ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းတွင် စက်မှုလယ်ယာ ဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ လယ်မြေပြုပြင်ရန် မြေဆွေးမြေဩဇာဆောင်ရွက်ထားရှိမှု၊ အပင်အားဆေး ဆောင်ရွက်ထားရှိမှု၊EM ဘိုကာရှီမြေဆွေး ဆောင်ရွက်ပုံနှင့် သဘာဝမြေဩဇာ ပြခန်းများကိုလည်း ခင်းကျင်းပြသထားသည်။
၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က လှည်းကူးမြို့နယ်၊ မြတ်မင်းကုမ္ပဏီ၏ ကြက်နှင့်ဝက်မွေးမြူရေးခြံသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက မွေးမြူရေးခြံတွင် မွေးမြူမှုလုပ်ငန်းအဆင့်ဆင့်နှင့် ထုတ်လုပ်မှု အဆင့်ဆင့်တို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)