ထန်းတပင်မြို့နယ်၌  ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့် ဖက်ဝင်းကုန်း-ခြံကြီးကုန်းကျေးရွာချင်းဆက်လမ်းအား ကြည့်ရှုစစ်ဆေး

ထန်းတပင်(ရန်ကုန်) ဇူလိုင် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည့် ကျွဲကူးကျေးရွာအုပ်စု၊ ဖက်ဝင်းကုန်း-ခြံကြီးကုန်းကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့်  ကျေးရွာချင်းဆက်လမ်းနေရာအား ယမန်နေ့ နံနက်ပိုင်း၌  တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင်လည်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် (တည်ဆောက်ရေး) ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးဇော်မိုးဦး၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးစီးအရာရှိ(မြို့ပြ)နှင့် တာဝန်ရှိသူများက ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအား သတ်မှတ်အရည်အသွေးပြည့်မှီအောင် ဆောင်ရွက်သွားရန်နှင့် ကျေးလက်နေပြည်သူများ ကျန်းမာရေး၊ စီးပွားရေး ပိုမိုအဆင်ပြေချောမွေ့စေရေး သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားကြရန် ကုမ္ပဏီမှ တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာချင်းဆက်လမ်းကို  ကျောက်ချောလမ်းလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးသွားပါကလည်း ကျေးရွာနေပြည်သူများ၏ သွားလာရေးများအဆင်ပြေ၍ ရာသီမရွေးသွားလာအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)