ကော့မှူး ဇူလိုင် ၁၃
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အဖျောက်ကျေးရွာအုပ်စုရှိ တောင်သူ ဦးစန်းလွင်၏ လယ်ယာမြေတွင်ယမန်နေ့နံနက်က တိုက်ရိုက်မျိုးစေ့ချကိရိယာ Seeder ဖြင့် မိုးစပါးစိုက်ပျိုးပွဲအခမ်းအနားသို့ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုး ကြီးကြပ်မှုအဖွဲ့ဝင်များဌာနဆိုင်ရာများ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမျိုးမင်းမှ အမှာစကား ပြောကြားပြီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်နိုင်က (Seeder) စပါးမျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်အစေ့ချစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ ဖြစ်သည့် တစ်ဧကမျိုးစေ့နှုန်းသက်သာခြင်း၊ လုပ်အားကုန်ကျစရိတ်သက်သာခြင်း၊ လုပ်ငန်းချိန် မြန်ဆန်ခြင်း၊ ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးနိုင်ခြင်း၊ ရိတ်သိမ်းရန်လွယ်ကူခြင်း၊ ဝင်ငွေတိုးတက်စေခြင်း၊ စိုက်ပျိုးနည်းများအကြောင်းသိရှိနိုင်မည့် ဆော့ဝဲများ အကြောင်းကိုလည်းကောင်း၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးထိုက်မင်းက (Seeder)တိုက်ရိုက်စပါးမျိုးစေ့ချကိရိယာအသုံးပြုပုံ၊ တိုက်ရိုက်အစေ့ချ စိုက်ပျိုးရာတွင် စိုက်နည်းစနစ် မှန်ကန်စေရေးများကိုလည်းကောင်း လက်တွေ့ပြသရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တောင်သူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ဆက်လက်၍တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးကြီးကြပ်မှုအဖွဲ့ဝင်များနှင့် တက်ရောက်လာသူများမှ Seeder ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)