မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လာရောက်လှူဒါန်း  

ချမ်အေးသာစံ  ဇူလိုင် ၁

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံ ပြည်တွင်း မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပစေတနာရှင် ပြည်သူများမှ အလှူငွေများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လှူဒါန်းလျက်ရှိသည်။

ဇူလိုင်လ(၁၂)ရက်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်သည် အလှူရှင်များဖြစ်သည့် ရန်ကုန်မြို့၊ ပါကစ္စတန်သံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး    H.E. Mr.Imran Haider နှင့် အဖွဲ့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မန္တလေးငလျင်ကြီးကြောင့် ဖြစ်ပေါ်ခဲ့သည့်အခြေအနေများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ သံအမတ်ကြီးက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ လှူဒါန်းရသည့် ရည်ရွယ်ချက်များကိုလည်းကောင်း အပြန်အလည်ဆွေးနွေးပြောကြားပြီးနောက် ရန်ကုန်မြို့ပါကစ္စတန်သံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr.Imran Haider နှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းသောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်း စားနပ်ရိက္ခာများဖြစ်သည့် ဆန်(၁၀၀၀၀)ကီလိုဂရမ်နှင့် အသင့်စားခေါက်ဆွဲထုပ် အရေအတွက်(၁၀၀၀၀)ထုပ်တို့ကို စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က လက်ခံ၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည် ။

ထွန်းထွန်းနိုင်(ပြန်/ဆက်)