ကျိုင်းတုံမြို့၌ မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်စပါးမျိုးစေ့ချ စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြပွဲ ကျင်းပ

ကျိုင်းတုံ ဇူလိုင် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ ပူးပေါင်း၍ မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်စပါးမျိုးစေ့ချ စိုက်ပျိုးနည်းစနစ် သရုပ်ပြပွဲကို ဇူလိုင် ၁၂ ရက်က ကျိုင်းတုံစိုက်ပျိုးရေးသုတေသနခြံတွင် ကျင်းပသည်။

ဦးစွာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက မိုးစပါးစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ကျိုင်းတုံသုတေသနခြံမှ လက်ထောက်သုတေသနအရာရှိ ဒေါ်ယဉ်မာခိုင်က တိုက်ရိုက်မျိုးစေ့ချ နည်းစနစ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် အချိန်နှင့် လုပ်အားခသက်သာပြီး လယ်ယာလုပ်သားရှားပါးမှုကို ဖြေရှင်းနိုင်သည့် မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်စပါးမျိုးစေ့ချ စိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြဆောင်ရွက်ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုးဝေနှင့်တာဝန်ရှိသူများ၊ ဒေသခံစပါးစိုက်တောင်သူများက ကြည့်ရှုအားပေးလေ့လာခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)