ပြင်ဦးလွင် ဇူလိုင် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် ပထမအကြိမ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ရပ်ကွက်ကြီး (၂) ရှိ သံဃသာမဂ္ဂီသိမ်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ဆရာတော်ကြီးများ အမှူးရှိသော သံဃာတော်များ၊ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များတက်ရောက်ကြသည်။
ရှေးဦးစွာ နမောတဿ ( ၃) ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇထံမှ (၅) ပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်ကြီးများနှင့် သံဃာတော်အပါး (၁၆၉) ပါးတို့အား ဝါဆိုသင်္ကန်းများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်ပြီး ပြင်ဦးလွင်မြို့ သံဃာတော်များကိုယ်စား မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တကေသရ မဟာဂန္ထဝါစကပဏ္ဍိတထံမှ အနုမောဒနာ ရေစက်ချတရားနာယူကြည်ညိုကြပြီး၊ ပရိတ်သတ်များက ဩကာသကန်တော့ချိုးဖြင့် ပြန်လည်ကန်တော့၍ ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပြီးနောက် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)