ပြင်ဦးလွင်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဒုတိယအကြိမ် ဖွင့်လှစ်

ပြင်ဦးလွင် ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဒုတိယအကြိမ်ဖွင့်ပွဲကို ယမန်နေ့နံနက် (၉) နာရီက မြေတိုင်း‌ကျောင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။ 

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မန္တလေးတိုင်းတာဝန်ခံ ဦးသန်းအောင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မျိုးဆန်းမှ မဲပေးစက်နှင့်ပတ်သက်၍ Power Point ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို (၁၀- ၇-၂၀၂၅) ရက်နေ့မှ (၃၀-၇ - ၂၀၂၅) ရက်နေ့အထိ သင်တန်းကာလ (၂၀) ရက်ဖြင့် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ သင်တန်းနည်းပြဆရာများမှ အီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ် မဲပေးစက်များစစ်ဆေးခြင်း၊ ရွေးကောက်ပွဲနေ့မတိုင်မီ မဲရုံတွင် မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် စမ်းသပ်မဲပေးခြင်း၊ မဲပေးချိန်တွင် မဲပေးစက်များ ကိုင်တွယ်ခြင်း၊ အရန်စက်လဲလှယ်ရန်အခြေအနေ၊ မဲရေတွက်ခြင်း၊ မဲပေးနေစဉ်အတွင်းအရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆန္ဒမဲဖြတ်ပိုင်းများ ရေတွက်ရမည့်အခြေအနေ စသည့်အကြောင်းအရာများကို စာတွေ့၊ လက်တွေ့ စနစ်တကျသင်ကြားပို့ချမည်ဖြစ်ရာ သင်တန်း (၁) ကြိမ်လျှင် သင်တန်းသား (၈၄) ဦး၊ သင်တန်း (၁၀) ကြိမ်၊ စုစုပေါင်း သင်တန်းသား (၈၄၀) ဦး တက်ရောက်သင်ကြားလျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ခရိုင် (ပြန်/ဆက်)