ဇေယျာသီရိမြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအကြောင်း အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ဇေယျာသီရိ  ဇူလိုင် ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့်ကျင်းပသည့် မိုးရာသီကာလအတွင် ဖြစ်ပွားတတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းအကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုပ္ပါးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ဦးစွာ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး  ဒေါက်တာ လှိုင်လှိုင်ဌေးက မိုးရာသီတွင်ဖြစ်ပွားတတ်သည့် ရောဂါများအကြောင်း၊ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခြင်းနှင့် ဇေယျာသီရိမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာချစ်ဆုဝေက ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ အဖွဲ့များခွဲ၍ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များနှင့် အဘိတ်ဆေးအသုံးပြုပုံများအားလည်းကောင်း အသီးသီးရှင်းလင်း တင်ပြဆွေးနွေးခဲ့သည်။  ထို့နောက် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆေးစိမ်ခြင်ထောင်နှင့် လက်သန့်ဆေးရည်ဗူးများပေးအပ်ခဲ့ပြီး တက်ရောက်လာသည့် ပြည်သူများအား သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် လက်သန့်ဆေးရည်ဗူးများဖြန့်ဝေ ပေးခဲ့သည်။ 

ဆက်လက်၍ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာလှိုင်လှိုင်ဌေးနှင့် တာဝန်ရှိသူများက ပုပ္ပါးကုန်းရပ်ကွက်ရှိ နေအိမ်များအတွင်း ရေစည်၊ ရေအိုးများ၊ ပန်းအိုးများနှင့် တာယာအဟောင်းများစသည့် ရေတင်ကျန်နိုင်သောနေရာများအား အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး သွေးလွန်တုပ်ကွေးရောဂါ အလက္ခဏာများနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)