ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှု ကြည့်ရှုအားပေး

စစ်တွေ ဇူလိုင် ၁၂

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး ပြည်နယ်အမျိုးသမီးရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုပြီး ယာယီနေရပ်စွန့်ခွာစုရပ်များရှိ ပြည်သူများအား စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓညဝတီရပ်ကွက်ရှိ စေတီအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြန်လည်ပြုပြင်မွမ်းမံနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်စီမံကိန်းဦးစီးဌာနရုံး၌ ဝန်ထမ်းများစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး ရုံးအတွင်းလှည့်လည်ကြည့်ရှုကာ ရုံးစာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်များကို ပေးအပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးသို့ သွားရောက်ပြီး ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုပြီး ယာဉ်မောင်းစစ်ဆေးရေးကွင်းအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနရုံး၌ ဝန်ထမ်းများက ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာရေး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများ စည်းစည်းလုံးလုံးဖြင့် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြရန်မှာကြားခဲ့သည်။

ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ဝန်ထမ်းများက စွန့်ပစ်အမှိုက်များ ကောက်ယူသိမ်းဆည်းခြင်း၊ မြက်ပင်များ၊  ပေါင်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းများကို ဆောင်ရွက်ကြသည်။ ထို့ပြင် ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များကို ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်းရေးတို့ကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဓညဝတီရပ်ကွက်၊ ဓမ္မာရာမပရိယတ္တိ စာသင်တိုက်သို့ သွားရောက်ပြီး ယာယီနေရပ်စွန့်ခွာပြည်သူများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးကြသည်။ အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါယာယီနေရပ်စွန့်ခွာစုရပ်တွင် ဆိုလာစနစ်ဖြင့် လမ်းမီးများတပ်ဆင်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ကလေးငယ်များအား စားသောက်ဖွေရာများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်ရှိ သံဃရာဇာဝိဟာရဘုန်းတော်ကြီးကျောင်းတိုက်၌ ယာယီနေရပ်စွန့်ခွာပြည်သူများကို စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးကြပြီး ယာယီနေရပ်စွန့်ခွာစုရပ်တွင် ဆိုလာစနစ်ဖြင့် လမ်းမီးများတပ်ဆင်ထားရှိမှု လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)