ရွှေပြည်သာမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ရွှေပြည်သာ ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာနယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီခွဲက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ရှိန် အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက အသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်ဆွေ (မရည်မွန်(ကျုံပျော်)က စာဖတ်ရှိန်မြှင်တင်ရေး အသိပညာပေး ဟောပြောကာ အင်းစိန်မြို့နယ်စာရေးဆရာ အသင်းအတွင်းရေးမှူး ဦးတင်ဝင်းစာရေးဆရာ ဝင်းနွယ်(ပုသိမ်)က လူငယ်နှင့်စာ‌ပေအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် စာရေးဆရာဝင်းနွယ်(ပုသိမ်)က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်အတွက် သုတ/ရသစာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ကိုယ်စားတာဝန်ခံဆရာမမှ ကျေးဇူးတင်စကားပြောကြားကာ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲသို့ တက်ရောက်လာကြသော ဆရာ/ဆရာမများ ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ်များအား လှည့်လှည်ကြည့်ရှုကြကြောင်း သိရသည်။

နေမျိုးထွန်း