ရန်ကုန် ဇူလိုင် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ကျန်းမာရေးလုပ်ငန်းများကို ကျောင်းအခြေပြုမှသည် ပြည်သူအတွင်းသို့ မူမှန်လူနေမှု ဘဝဟန်များရောက်ရှိရေး၊ အာဟာရဖွံ့ဖြိုးရေး၊ အစားအစာ အန္တရာယ်ကင်းဝေးရေးနှင့် ရောဂါကာကွယ်နိုင်ရေးတို့အတွက် ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းမှ စတင်ကာ မြို့နယ်အတွင်းရှိ အမှတ်(၇)နှင့် အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောင်းအခြေပြုကျောင်း ကျန်းမာရေးလုပ်ငန်းများဖြစ်သည့် ကျောင်းသားလူငယ်များ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို မျှတစွာစားသုံးရေး၊ သန့်လေးသန့်ဖြစ်သော အစာသန့်၊ လက်သန့်၊ ရေသန့်၊ အိမ်သာသန့်အပါအဝင် တစ်ကိုယ်ရေသန့်ရှင်းရေး၊ သွားကျန်းမာရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး၊ ကူးစက်ရောဂါကာကွယ်ရေး၊ ကိုယ်ကျန်းမာမှု၊ စိတ်ကျန်းမာမှုနှင့် လူမှုရေးကျန်းမာမှုတို့နှင့် ပြည့်စုံရေးစသည်တို့နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူဘဝမှ စတင်ကာ ကျန်းမာရေးအသိပညာဗဟုသုတများ ပြည့်စုံစေရေးနှင့် ဘဝတစ်လျှောက် လုံး လေ့ကျင့်သွားရမည့် အလေ့အကျင့်ကောင်းများ ပျိုးထောင်ပေးနိုင်ရေးတို့အတွက် အမှတ်(၇)နှင့် အမှတ်(၁၄)အခြေခံပညာ မူလတန်းကျောင်းတွင် မှတ်သားရန်လွယ်ကူသော ကဗျာများဖြင့် သင်ကြားပေးခြင်း၊ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ကြသည်။
အဆိုပါ လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသင်းသင်းနိုင်က ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဒုတိယမြို့နယ် ပညာရေးမှူး၊ ကျောင်းအုပ်ကြီးနှင့် ကျန်းမာရေး ကော်မတီဝင်များက ပူးပေါင်းဆောင်ရွက်ကြသည်။
မြို့နယ် ပြန်/ဆက်