မိုင်းခတ် ဇူလိုင် ၁၂
၂၀၂၅ ခုနှစ်၊ မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ် အားကစားကွင်း၌ ကျင်းပရာ မိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းလတ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲအားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန်ရွတ်ဆို၍ ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)မှ ကျောင်းသား၊ ကျောင်းသူလေးများက အားကစားတေးသီချင်းအား Fitness Dances အကဖြင့် ဖွင့်လှစ်ကပြဖျော်ဖြေခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းလတ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားပြီး ဖွင့်ပွဲပထမနေ့တွင် ကိုဖြိုးရေဆေးခုံနှင့် အာခါလူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများအား အုပ်စု(၂)အုပ်စုခွဲကာ အုပ်စု(က)တွင် ကိုဖြိုးရေဆေးခုံ၊ အာခါလူငယ်၊ Best Friend၊ လားဟူလူငယ်နှင့် အုပ်စု(ခ)တွင် ကိုမင်းအောင်၊ GAD၊ Future Youth အသင်းတို့ဖြစ်ပြီး ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇူလိုင်လ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)