ကလော ဇူလိုင် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ အမှတ်(၁)ရပ်ကွက်၌ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည်ထောက်ပံ့ငွေကျပ် သိန်း(၁၅၀) ဖြင့် ဆောက်လုပ်ခဲ့သည့် ဟဲဟိုးမြို့ “ပုလဲသီတာ” စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)ဒုတိယ ဗိုလ်မှူးကြီး မင်းစစ်နိုင်နှင့် မြို့မိ၊ မြို့ဖ ဥက္ကဋ္ဌ ဦးစန်းဟုတ်တို့က ဟဲဟိုးမြို့ရှိ “ပုလဲသီတာ” စာကြည့်တိုက်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာကြသူများက စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက စာကြည့်တိုက် ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင် "နိုင်ငံသား တစ်ဦးချင်းစီတိုင်း အသိပညာဗဟုသုတနဲ့ ကြွယ်ဝနေဖို့ လိုအပ်သလို အရည်အသွေးပြည့်ဝဖို့လည်း လိုအပ်ပါကြောင်း၊ ရပ်ကွက်/ကျေးရွာမှာ နေထိုင်ကြတဲ့ ပြည်သူများအနေနဲ့ အသိပညာဗဟုသုတများကို လက်လှမ်းတမီ လွယ်ကူစွာဖတ်ရှုလေ့လာနိုင်စေရေး၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေးတို့အတွက် ယခုလို ကျေးရွာ စာကြည့်တိုက်များကို ထည်ထောင်ဖွင့်လှစ်ပေးနေခြင်း ဖြစ်ပါကြောင်း၊ သုတ/ရသ စာပေတွေကို အလွယ်တကူ လေ့လာဖတ်ရှုနိုင်မဲ့ ပတ်ဝန်းကျင်များကိုလည်း ဖန်တီးပေးကြရမှာဖြစ်သလို လူငယ်များအပါအဝင် ပြည်သူများအားလုံး အသိပညာမြင့်မားစေရန်အတွက် ယနေ့ ဖွင့်လှစ်လိုက်တဲ့ ဟဲဟိုးမြို့ “ပုလဲသီတာ” စာကြည့်တိုက်ဟာ ကောက်ရိုးမီးကဲ့သို့ မဟုတ်ဘဲ ရေရှည်ရှင်သန်ခိုင်မာ ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်ပါကြောင်း၊ စာကြည့်တိုက်တစ်တိုက်ရဲ့ စံသတ်မှတ်ချက် (၅) ရပ်ဖြစ်တဲ့ ဘီ(B) ငါးလုံးနဲ့ ညီညွှတ်မှသာ စာကြည့်တိုက်များ ရေရှည်ရှင်သန်ခိုင်မာနိုင်မှာဖြစ်ကြောင်း၊ B ငါးလုံးကတော့ (Building) အဆောက်အအုံ၊ (Book)စာအုပ်/စာစောင်၊ ( Budget ) ရန်ပုံငွေ ၊ (Brain)လို့ တင်စားရမဲ့ စာကြည့်တိုက်မှူးနဲ့ (Borrowers) စာအုပ်ငှားရမ်းဖတ်ရှုသူများဖြစ်ပါကြောင်း၊ ဟဲဟိုးမြို့ ပုလဲသီတာ စာကြည့်တိုက်ကို အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် သက်ဆိုင်ရာ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီအသီးသီးနဲ့ ဒေသနေပြည်သူအားလုံးကို ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ စာကြည့်တိုက် ရေရှည်ရှင်သန်ခိုင်မာ ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက်လည်း ကျေးရွာစာကြည့်တိုက်ကော်မတီများ၊ ဒေသနေပြည်သူများနဲ့ စေတနာရှင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့်တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအောင်တို့က" ပုလဲသီတာ"စာကြည့် တိုက်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ရာစာကြည့်တိုက် ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်တာက လက်ခံရယူခဲ့ပြီးဟဲဟိုးမြို့၊ မြို့မိ/ မြို့ဖ တစ်ဦးမှ ဟဲဟိုးမြို့အတွင်း စာကြည့်တိုက် ဖွင့်လှစ်ပေးသည့်အတွက် ပညာရွှေအိုးလူမခိုး၊ ပညာရဲရင့်ပွဲလည်တင့်၊ အလိမ္မာစာမှာရှိစသော ဆောင်ပုဒ်များနှင့်အညီ ဟဲဟိုးမြို့အတွင်း အနာဂတ်လူငယ်များ၊ စာဖတ်စွမ်းရည် မြင့်မားလာခြင်း၊ သုတ၊ ရသစုံလင်သော ဗဟုသုတစာအုပ်များ များစွာရှိသည့်အတွက် အနာဂတ်ကလေးငယ်များမှ ဖတ်ရှု၍ ဗဟုသုတများ၊ အသိပညာများ၊ တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ပြီး စာဖတ်စွမ်းရည်မြင့်မားလာခြင်းကြောင့် လမ်းမှားသို့ ရောက်ရှိမည့်ကလေးသူငယ်များ ပပျောက်သွားနိုင်ပါကြောင်း ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကလောခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဟဲဟိုးမြို့အုပ်ချုပ်ရေးမှူးနှင့် မြို့မိ၊ မြို့ဖနှင့်စာကြည့်တိုက် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဝင်း (ကလော)