ဥတ္တရသီရိမြို့နယ်၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

ဥတ္တရသီရိ ဇူလိုင် ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ Nay Pyi Taw International School of Acumen (Main Campus) နှင့် (Preschool Campus) ကျောင်းတို့တွင် ယမန်နေ့က ငလျင်ဘေးအန္တရာယ်နှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊  ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဥတ္တရခရိုင် မီးသတ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးသက်နောင် ဦးဆောင်၍ တပ်ဖွဲ့ဝင်(၁၈) ဦးတို့က အဆိုပါကျောင်းများရှိ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်ခြင်းနှင့် (Evacuation drill) အရေးပေါ် အခြေအနေတွင် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များအား လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ပြီး မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မီးသတ်ဆေးဘူး အသုံးပြုပုံများ၊ ဆီမီးလောင်မှုဖြစ်သော Kitchen Fire၊ Gas Fire၊ Oil Tank Fire ငြှိမ်းသတ်ပုံများ၊အသက်ကယ်အင်္ကျီ (Life Jecket) ဝတ်ဆင်ပုံများ၊ အခြေခံကြိုးချည်နည်းများနှင့် သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို သွားရောက်သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားသို့ ဥတ္တရခရိုင် မီးသတ်ဦးစီးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးသက်နောင်နှင့်တပ်ဖွဲ့ဝင်များ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ  စုစုပေါင်းအင်အားလေးရာကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း