တိုက်ကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

တိုက်ကြီး ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ဇူလိုင်လ ၁၀ ရက်နေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဦးဇော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က စာအုပ်စာပေကောင်းဖတ်ရှုခြင်းဖြင့် စိတ်ကူးသစ်၊ ဥာဏ်သစ်၊ အတွေး အခေါ်ဒဿများ ရရှိနိုင်ပုံ၊ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအနေဖြင့် ဘဝအောင်မြင်ရေးအတွက် စာဖတ်ကြရန် အသိပညာပေး ဟောပြောသည်။

ထို့နောက်ကလေးအလုပ်သမားပပျောက်ရေး အသိညာပေးအကြောင်းအရာများ၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ထိန်းသိမ်းရေး အကြောင်းအရာများ ပါဝင်သည့် အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းနှင့် အသိပညာဗဟုသုတရရှိစေမည့် သုတစာအုပ်များကိုပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဝတ်ရည်