အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂ဝ၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

အင်းစိန် ဇူလိုင် ၁၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်းနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂ဝ၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ လှော်ကားငါးလုပ်ငန်းစခန်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ သင်တန်းသား၊သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက  အဖွင့်အမှာစကားပြောကြားရာ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို သမရိုးကျ မိရိုးဖလာနည်းများအစား ခေတ်မီနည်းလမ်းများကို အသုံးပြုဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မွေးမြူရေးကဏ္ဍတွင် မျိုး၊ အစာအာဟာရနည်းပညာ၊ လှောင်ကန်မွေးမြူရေးစနစ်များကို ပံ့ပိုးကူညီနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် ဒေသအတွင်း ငါးထုတ်လုပ်မှုကို တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံသားတိုင်း လူတစ်ဦးချင်း ငါးစားသုံးနိုင်မှုနှုန်းမြင့်မားအောင် ထိုမှတစ်ဆင့် ပိုလျှံသည့်ငါးများကိုလည်း ပြည်ပသို့တင်ပို့ပြီး နိုင်ငံစီးပွားမြှင့်တင်ရေး ဆောင်ရွက်ကြရန်နှင့် နည်းပညာများ ဖြန့်ဝေပေးနိုင်သည့် ပညာရှင်များ ဖြစ်လာအောင် ကြိုးစားကြရန်စသည်တို့ကို ပြောကြားသည်။

ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးသံချောင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြပြီး သင်တန်းသားများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား၊သင်တန်းသူများအား ချီးမြှင်ငွေများပေးအပ်ပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က လှော်ကားငါးလုပ်ငန်းစခန်းအတွင်း တိုင်းရင်းငါးဖောက်ခန်း၊ ငါးသားပေါက်ခန်းနှင့် အလှမွေးငါးခန်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့သည်။ အဆိုပါသင်တန်းကို ဇူလိုင်လ(၁၁)ရက်နေ့မှ ဇူလိုင်လ(၁၃)ရက်နေ့အထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်သည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာအုပ်စု၊ Eastern Hatchery ကြက်သားပေါက်စက်ရုံတွင် ကြက်သားပေါက်ထုတ်လုပ်ရာတွင် လုပ်ငန်းများဖြစ်သည့် ကြက်ဥများထားရှိသည့် အအေးခန်း၊ အနွေးဓာတ်ခန်း၊ ကြက်သားပေါက်ခန်း၊ ကြက်သားပေါက်များ ပြန်လည်ရွေးချယ်နေသည်များနှင့် ကြက်သားပေါက်များ ထုတ်ပိုးမှု အဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်တွင် Eastern Hatchery ကြက်သားပေါက်စက်ရုံ၊ မန်နေဂျာမှ လုပ်ငန်းဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)