မုဒုံမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

မုဒုံ ဇူလိုင် ၁၁

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက နိုင်းပြိုင်၊ ကွမ်ကဗွီကျေးရွာများရှိ အသင်းဝင်များအား ဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ချစေရန်နှင့် မိသားစုဝင်ငွေတိုးပွားစေမည့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များအနေဖြင့် မိမိရပ်ရွာရှိ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ဖော်ဆောင်ရာတွင် ရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှု မဖြစ်အောင် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီမံကိန်းရန်ပုံငွေစာရင်းများကို စနစ်တကျမှတ်တမ်းပြုစု ထိန်းသိမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ခဲ့ပြီး ကျေးရွာကော်မတီအဖွဲ့ဝင်များက စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများလုပ်ကိုင်သူ  ၇၁ ဦးကို စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၄၃၁ သိန်းအား အသင်းသားများထံ လက်ဝယ်အရောက် စနစ်တကျထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)