မြစ်သား ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးကြိုဝါစိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စား ယက်ကန်းလုပ်ငန်းများ တွင်ကုန်ကြမ်းရရှိစေရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး တစ်ဦးချင်းဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးအသင်းစုချုပ်နှင့် မြို့နယ်သမဝါယမအသင်းစုပိုင်ငွေဖြင့် မြိုင်ကုန်းကျေးရွာရှိ မြိုင်ကုန်းလယ်ယာနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း အသင်းသားတောင်သူများ စိုက်ပျိုးထားသည့် Rakka-999 ခါး ဇက်မျိုးမိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဝါကောက်ယူနေမှုများကို ယမန်နေ့နံနက်ပိုင်းအချိန်က ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကြည့်ရှု့စစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးက မြိုင်ကုန်းလယ်ယာနှင့်အထွေထွေ လုပ်ငန်းသမဝါယမအသင်း အသင်းသားတောင်သူများ၏ ဝါစိုက်ခင်းများဖြစ်သော ဦးမောင်စိုး၏ ကွင်းအမှတ် (၅၃၄) /ကရှိ စိုက်ဧက (၃.၀၀) ဧက ၊ အသင်းသားတောင်သူ ဦးအောင်မြင့်၏ ကွင်းအမှတ် (၅၃၀) ရှိ စိုက်ဧက (၂.၀)ဧက၊ အသင်းသားတောင်သူ ဦးသန်းထိုက်၏ ကွင်းအမှတ် ( ၅၃၄) /ကရှိ စိုက်ဧက (၅.၀) ဧက၊ အသင်းသားတောင်သူ ဦးသိန်းမြိုင်၏ ကွင်း အမှတ် (၅၃၄) /ကရှိ စိုက်ဧက (၅.၀)ဧက၊ အသင်း သားတောင်သူ ဦးရွှေမန်း၏ ကွင်းအမှတ် (၅၃၄)/Cရှိ စိုက်ဧက(၁၅.၀)ဧကနှင့် အသင်းသား တောင်သူ ဦးကျော်ခိုင်ဦး၏ ကွင်းအမှတ် (၅၃၄) /ကရှိ စိုက်ဧက (၃.၀)ဧကတို့တွင် Rakka-999 ခါးဇက်မျိုး မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဝါကောက်ယူနေသည်များကို ကြည့်ရှု စစ်ဆေးခဲ့ပြီး တောင်သူဦးကြီးများ အားခေတ်မှီစိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လေ့လာကျင့်သုံးစိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးမြေများကို ပြုပြင်ပြီး မျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးပေးရန်လိုအပ်ကြောင်း၊ ရေရရှိရေးနှင့်နည်းပညာရယူနိုင်ရေးကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မိုးကြိုဝါစိုက်ပျိုးသည့် အသင်းသားတောင်သူများက သိရှိလိုသည်များကိုမေး မြန်းခဲ့ရာလိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါကြည့်ရှုစစ်ဆေးရာသို့ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများနှင့် ဒေသခံအသင်းသားတောင်သူများ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)