မိတ္ထီလာမြို့နယ် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်း  ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်

  မိတ္ထီလာ  ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း  ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်း ကတ္တရာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း  ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ၁၂၈ ဒသမ ၃၉၂ သန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာငါးရွာမှ ဒေသခံပြည်သူများ ဖြတ်သန်းသွားလာသည့် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်း အရှည် ၀/၂ မိုင် အကျယ် ၁၂ ပေ ထု ၂၃ လက်မရှိ ကတ္တရာခင်းခြင်းလုပ်ငန်းကို ဇွန်လ ၁ ရက်နေ့မှ စတင်၍ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့်  မိတ္ထီလာခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းနှင်းအိလှိုင်တို့ ဇူလိုင် ၁၁ ရက်နံနက်ပိုင်းက လာရောက် ကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)က ကတ္တရာခင်းခြင်းလုပ်ငန်းအား သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးနှင့် ကျေးရွာသူ ကျေးရွာသားများအနေဖြင့် လမ်းများရေရှည်တည်တံ့အောင်  ဝိုင်းဝန်းထိန်း သိမ်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 သိန်းမြင့်ကျော်(မိတ္ထီလာ)