မိုင်းတုံမြို့၌ မြို့နယ်စိုက်ပျိုး‌ရေးညှိနှိုင်း‌ရေးကော်မတီအဖွဲ့နှင့် တောင်သူလယ်သမားများ‌ပေါင်းစပ်၍ ညှိနှိုင်းဆွေးနွေး

မိုင်းတုံ ဇူလိုင် ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ နောင်ပါရင်ရပ်ကွက်ရှိ ဘုန်း‌တော်ကြီးကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုး‌ရေးညှိနှိုင်းရေးကော်မတီအဖွဲ့နှင့် တောင်သူလယ်သမားများ‌ပေါင်းစပ်၍ ညှိနှိုင်း‌ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က ယခင်နှစ်က ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရူံးခဲ့ရသော လယ်ယာမြေများနှင့်ပတ်သက်၍ မည်သို့ဆက်လက်ဆောင်ရွက်ရမည့်အခြေအနေကို အ‌သေးစိတ် အကျယ်တဝင့် ဆွေးနွေးရာ တောင်သူလယ်သမားများ၏ကိုယ်စား ဦးစိုင်းမတ်မှ “ကျွန်တော်တို့တောင်သူတွေအနေနဲ့ အုန်းတောလယ်စာရင်း မူရင်းရှိ ၁၁၇.၀၂ ဧကမှာ ဦးပိုင်ပေါင်းက (၇၇) ဦးရှိခဲ့ပါတယ်။ ယခုထိတော့ ပြန်စိုက်နိုင်တာက (၂၆)ဦးသာရှိသေးပြီး တချို့မှာလည်း ရသလောက်ပြန်ဖော်နေသလို တစ်ချို့မှာလည်း မဖော်နိုင်တာတွေရှိလို့ ပျက်စီးဆုံးရှူံးခဲ့ရတဲ့ လယ်ယာ‌မြေကို ပြန်ဖော်ချင်ပါတယ်။ ဖော်ဆောင်နိုင်ရေးအတွက်ကိုလည်း စက်အားလိုအပ်သည့်အတွက် ကျွန်တော်တို့ လယ်သမားတွေလည်း တက်နိုင်သည့်ဘက်က ဝိုင်းဝန်းဆောင်ရွက်မှာဖြစ်၍ ဆရာတို့ဘက်ကလည်း  စက်ယန္တရားများရရှိရေး ကူညီဆောင်ရွက်ပေးစေလိုပါတယ်။ လိုအပ်တဲ့အရာတွေကို တောင်သူလယ်သမားများကလည်း ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စိုက်ပျိုး‌ရေးညှိနှိုင်း‌ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက လယ်မြေပျက်စီးမှုအခြေအနေနှင့် ဆုံးရူံးမှုစာရင်းအား စာရင်းမှန်ပေါ်ပေါက်ရေး အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် တောင်သူလယ်သမားများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြေပြင်အခြေအနေကိုလည်း ကွင်းဆင်းခဲ့ပြီးဖြစ်သည့်အတွက် ယနေ့အစီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီးနောက် မြို့နယ်မြေစာရင်းမှ ဦးစီးအရာရှိ ဦးကိုကိုမောင်ကလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးမှ တာဝန်ခံ ဦးခင်မောင်မြတ်ကလည်းကောင်း၊ မြို့နယ်စီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်ကလည်းကောင်း အသီးသီး ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က စိုက်ကွင်းများရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်ဆီးမှုစာရင်းကို စာရင်းမှန်ရ‌အောင်ကောက်ယူတင်ပြရန်၊ လယ်ကွင်းများ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လိုအပ်သည်များကို ပြောကြားခဲ့ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)