စဉ့်ကိုင် ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်နှင့် ဝန်ထမ်းများက မြတ်စေတနာကိုယ်ပိုင်အထက်တန်းကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် (Mobile Library) စနစ်ဖြင့် သုတ/ရသ စုံလင်သည့် စာအုပ်၊ စာစောင်များ(အခမဲ့) ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်ငှားရမ်းရန် မအားလပ်သည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/သူများ အနေဖြင့် စာအုပ်၊စာစောင်များ ဖတ်ရှုလေ့လာခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့် ကောင်းများ ပိုမိုတိုးပွားလာစေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရရှိပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာဖတ်ခြင်းအကျိုး ကျေးဇူးများ သိရှိနားလည်လာစေရန်နှင့် စာပေချစ်မြတ်နိုးသူများ ပေါများလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် သုတ /ရသစုံလင်သည့် စာအုပ်စာစောင်များကို (အခမဲ့) ငှားရမ်း ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြတ်စေတနာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူ တစ်ဦးလျှင် စာအုပ် (၂) အုပ်ဖြင့် (၇) ရက်ကြာ ဖတ်ရှုနိုင်ကြောင်းနှင့် အသင်းဝင်အသစ်များကို အသင်ဝင်စာငှားကတ်များ ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူများ စာပေကို အလွယ် တကူ ဖတ်ရှုလေ့လာနိုင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများအရောက် အပတ်စဉ်လိုက်လံငှားရမ်းပေးသွားမည်ဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့် တိုက်သို့ စာပေချစ်မြတ်နိုးသူတိုင်း (အခမဲ့) အသင်းဝင် ရောက်ပြီး အခမဲ့လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)