အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် ပျော်ဘွယ်မြို့နယ်တွင် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ပျော်ဘွယ် ဇူလိုင် ၁၁

အပူပိုင်းဒေသ (၁၃) ခရိုင်အတွင်း တစ်ခုအပါအဝင်ဖြစ်သည့် ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် စိမ်းလန်း စိုပြည်ရေးအတွက် ၂၀၂၅ ခုနှစ်၊ မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုး ပွဲတော်ကို ဇူလိုင်လ (၁၁) ရက်၊ နံနက် (၇) နာရီက ညောင်ရွှေကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၂၈၈/၂) အနီးတွင် ကျင်းပရာ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်၊ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဇော်မျိုးထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်စိုက်ပျိုးပေးကြသည်။

ရှေးဦးစွာ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်က အပူပိုင်း ဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ်၊ မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးစေရေး၊ မိုးခေါင်ရေရှားမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ သစ်တောသံယံဇာတများ ရေရှည်တည်တံ့စေရေး၊ သစ်တောဖုံးလွှမ်းမှုတိုးတက်လာစေရေး ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ပြည်သူများမှ သစ်တောသစ်ပင်များ၏တန်ဖိုးကို နားလည်မြတ်နိုးသည့်စိတ်ဓာတ်ဖြစ်ပေါ်လာစေရေး စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက သစ်ပင်များအား စိုက်ပျိုးပေးပြီးနောက် ပါမောက္ခချုပ်နှင့်အဖွဲ့သည် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများက ပျော်ရွှင်စွာ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ပျော်ဘွယ်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပိတောက်၊ စိန်ပန်း၊ စစ်(သစ်ဖြူ)၊ တမာ၊ ယင်းမာ စသည့် ပျိုးပင် (၁၂၀၀) ကို သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူများက ပျော်ရွှင်စွာစုပေါင်း စိုက်ပျိုးပေးခဲ့ကြကြောင်း၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာများ၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလိုသူများရှိပါက မြို့နယ်သစ်တောဦးစီးဌာနရုံး ပျိုးဥယျာဉ်တွင် အခမဲ့လာရောက်ထုတ်ယူနိုင်ကြောင်း မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်ခင်ဦးထံမှ သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)