အင်းစိန် ဇူလိုင် ၁၁
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ဇူလိုင် ၉ ရက်နံနက်ပိုင်းက ရွှေတိဂုံစေတီတော်နှင့် ဆူးလေစေတီတော်တို့၌ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)တွင် ဝါဆိုရွှေကြာသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းကြသည်။
ဦးစွာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် (၁၃၈၇-နှစ်) ဝါဆိုရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို အဆိုပါစေတီတော်ရင်ပြင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း စုရပ်မှစတင်၍ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များက ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြပြီး ဝါဆိုရွှေကြာသင်္ကန်းတော်များကိုကိုင်ဆောင်ကာ ရင်ပြင်တော်တစ်ပတ် လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က စေတီတော်ရင်ပြင်အထက်ပစ္စယာရှိ ပတ္တမြားမျက်ရှင်ဘုရားအား ဝါဆိုရွှေကြာသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းပူဇော်ကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့်အလှူရှင်များက အာရုံခံတန်ဆောင်းမုခ် ၄ မုခ်ရှိ ကကုသန္ဓ၊ ကောဏာဂမန၊ ကဿပ၊ ဂေါတမမြတ်စွာဘုရားများအား ဝါဆိုရွှေကြာသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းပူဇော်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆံတော်ရှင်ဆူးလေစေတီတော်သို့ရောက်ရှိပြီး ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီး၊ ဆီမီးများ ဆက်ကပ်လှူဒါန်းကြကာ ဝါဆိုရွှေကြာသင်္ကန်းတော်များကို စေတီတော်တစ်ပတ်လှည့်လည်ပူဇော်ကြပြီး စေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ဝါဆိုရွှေကြာသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏နေ့ထူးနေ့မြတ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်မြို့ရှိ ဘုရားစေတီများ၌ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများနှင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)