မိုင်းဆတ် ဇူလိုင် ၁၁
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မျိုးမျိုးသွယ်က ''အာဇာနည်နေ့ဒို့မမေ့''ခေါင်းစဉ်ဖြင့် အာဇာနည်၏ အဓိပ္ပာယ်၊ မြန်မာတစ်မျိုးသားလုံး လွတ်လပ်ရေးရရှိရေး၊ အများပြည်သူကောင်းစားရေးအတွက် အားကြိုးမာန်တက်ဆောင်ရွက်ခဲ့ကြသော မြန်မာ့မျိုးချစ်ပုဂ္ဂိုလ်ကြီးများအနက် ထင်ရှားသော အာဇာနည်ပုဂ္ဂိုလ်(၉)ဦး လုပ်ကြံခံရမှုအခြေအနေများ၊ လုပ်ကြံခံရသဖြင့် ကျဆုံးခဲ့ရသော ဇူလိုင်လ(၁၉)ရက်နေ့ကို အာဇာနည်နေ့အဖြစ်သတ်မှတ်ကာ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ အကျင့်စာရိတ္တ၊ သတ္တိနှင့်တကွ စံထားအတုယူထိုက်သော ပရဟိတစိတ်ဓာတ်များကို လေးစာဂုဏ်ပြုသောအားဖြင့် အာဇာနည်နေ့အခမ်းအနားပွဲတော်များကို နှစ်စဉ်ကျင်းပသင့်ကြောင်းနှင့် အာဇာနည်နေ့ကို မမေ့သင့်ကြောင်းစသည့် အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးစာအုပ်၊ စာစောင်များနှင့် အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး၏ အတ္ထုပ္ပတ္တိများ၊ အာဇာနည်နေ့နှင့် ပတ်သက်သည့် အသိပညာ ပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)