ကျောက်ဆည်ခရိုင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေး ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲ ကျင်းပ

ကျောက်ဆည် ဇူလိုင် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာပြီး စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်လာစေရန် ရည်ရွယ်ကာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီက တောင်လွှဲကျေးရွာရှိ “မြင့်မိုရ်ရွှေတောင်” စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ စာပေများဖတ်ရှု့လေ့လာကြရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးလာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ဟောပြောခဲ့ပြီး ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)