ရမည်းသင်း ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်၌ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြေရေး ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှု အသွင်ဖြင့် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ရွှေဒါးကျေးရွာ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ရမည်းသင်း) ကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးနှင့်ဥပဒေချုပ် ဦးမြင်အောင်၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ရမည်းသင်း)မှ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ၊ ရွှေဒါးအထကကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများက သတ်မှတ်ထားသည့် နေရာများတွင် ပျိုးပင်များအားတပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကာ ဝန်ကြီးနှင့်တာဝန်ရှိသူများက သစ်ပင်ပျိုးပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
သက်ရှိလောကတည်မြဲဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့၊ ဇီဝမျိုးစုံကြွယ်ဝဖို့ သဘာဝတောတွေထိန်းသိမ်းစို့၊ သစ်တော၊ သစ်ပင်ကျေးဇူးရှင် ထိန်းသိမ်းကြစို့ ထာဝစဉ်၊ ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း စသည့်ဆောင်ပုဒ်များ နှင့် အညီ ပိတောက်၊ စိန်ပန်း၊ မယ်ဇလီ၊ ယင်းမာ၊ တပေဘူတ စသည့် အပင် (၅၀၀) ပင်အား စိုက်ပျိုးကြသည်။
ရမည်းသင်းခရိုင်အတွင်း သစ်တောဦးစီးဌာန ပျိုးဥယာဉ်များတွင် မိုးရာသီလူထုဖြန့်ပျိုးပင်များကို ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ တက္ကသိုလ်များ၊ သင်တန်းကျောင်းများနှင့် ဒေသခံပြည်သူများသို့ အခမဲ့ ဖြန့်ဝေပေးလျက်ရှိပါကြောင်းနှင့် ပျိုးပင်များ ရယူစိုက်ပျိုးလိုပါက ရမည်းသင်းမြို့နယ် သစ်တောဦးစီးဌာနသို့ ဆက်သွယ်၍ ပျိုးပင်များထုတ်ယူနိုင်ကြောင်း သိရသည်။
သန္တာလင်း(ခရိုင်ပြန်ဆက်)