ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းဘေးတွင်  အပူပိုင်းဒေသ(၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး   လူထုလှုပ်ရှားမှု အသွင်ပြင်ဖြင့် သစ်ပင်စိုက်ပျိုး

ညောင်ဦး ဇူလိုင်  ၁၁

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ပူးပေါင်း၍ အပူပိုင်းဒေသ(၁၃)ခရိုင် သစ်ပင် စိုက်ပျိုးပွဲကို  ဇူလိုင် ၁၁ ရက်  ယနေ့ နံနက် ၇ နာရီတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်း မိုင်တိုင် ၂၆/၆တွင် ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက် အမှာစကားပြောကြားသည်။

သစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ကျောင်းသား/ ကျောင်းသူများ၊ ဒေသခံပြည်သူများ ၃၀၀၀ တက်ရောက်ခဲ့ပြီးသစ်ပင်စိုက်ပွဲတွင် ဒုတိယဝန်ကြီးနှင့်အတူ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီးဝင်းကျော်သူ၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုတို့က ဌာနဆိုင်ရာတာဝန်ရှိသူများအား ပျိုးပင်များပေးအပ်သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးက  မဟော်ဂနီပင်အားဦးဆောင် စိုက်ပျိုးပေးပြီး သစ်ပင်စိုက်ပျိုးပွဲကို လှည့်လည်ကြည့်ရှု့အားပေးသည်။

သစ်ပင်စိုက်ပွဲတွင် ကျွန်း၊ ပိတောက်၊ မဲဇလီ၊ မြန်မာကုက္ကို ၊ ရင်းမာ၊ တမာ၊ မန်ကျည်း၊ ထနောင်း၊ ရှား၊ မဟော်ဂနီစသည့် သစ်မျိုး ၁၁ မျိုး စုစုပေါင်း ၃၀၀၀ ပင်စိုက်ပျိုး ခဲ့ကြောင်းသိရသည်။

ဒီပါလင်း