ပြင်ဦးလွင်မြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဖွင့်လှစ်

ပြင်ဦးလွင် ဇူလိုင် ၁၁ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့တွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီက မြေတိုင်း‌ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများနှင့် သင်တန်းသားများတက်ရောက်ကြကြောင်း သိရသည်။ 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် ဦးသော်ဇင်လင်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ရွေးကောက်ပွဲအရာရှိ  ဦးဇော်၀င်းထိုက်မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ Power Point  ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ မြန်မာအီလက်ထရောနစ် မဲပေးစက်  (MEVM)  ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို (၁၀ - ၇-၂၀၂၅) ရက်နေ့မှ ( ၃၀-၇-၂၀၂၅)  ရက်နေ့အထိ  သင်တန်းကာလ (၂၀) ရက်ဖြင့် နံနက် (၀၉:၀၀) နာရီမှ   ညနေ  (၁၆:၀၀) နာရီ အထိ သင်တန်းနည်းပြဆရာများမှ အီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံ၊ အီလက်ထရောနစ် မဲပေးစက်များ စစ်ဆေးခြင်း၊ ရွေးကောက်ပွဲနေ့မတိုင်မီ မဲရုံတွင် မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်ခြင်း၊ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် စမ်းသပ်မဲပေးခြင်း၊ မဲပေးချိန်တွင် မဲပေးစက်များ ကိုင်တွယ်ခြင်း၊ အရန်စက်လဲလှယ်ရန် အခြေအနေ၊ မဲရေတွက်ခြင်း၊ မဲပေးနေစဉ်အတွင်း  အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက  ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဆန္ဒမဲဖြတ်ပိုင်းများ ရေတွက်ရမည့်အခြေအနေ စသည့် အကြောင်းအရာများကို  စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်း (၁) ကြိမ်လျှင် သင်တန်းသား (၈၄) ဦး၊ သင်တန်း (၁၀) ကြိမ်၊ စုစုပေါင်းသင်တန်းသား (၈၄၀)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ  သိရသည်။

ခရိုင် (ပြန်/ဆက်)