မိုင်းပျဉ်း ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းနဝဒေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို အထကကျောင်းသား၊ ကျောင်းသူလေးများက “ဒို့ကျောင်းဒို့ဝန်းကျင်” သီချင်းသီဆိုဖျော်ဖြေ၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်တို့က အမှာစကားများပြောကြားကြသည်။
ဆက်လက်၍ အ.ထ.ကကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီး၊ ဆရာမဒေါ်နန်းဆိုင်လောဝ်က မိဘဆရာအသင်း အလုပ်အမှုဆောင်အမည်စာရင်းနှင့် အလှူရှင်အမည်စာရင်းများကို ဖတ်ကြားတင်ပြသည်။ ယင်းနောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် A အဆင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ပညာရေးမိသားစုများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နန်းသန္တာဦး(ပြန်/ဆက်)