မိုးနဲ ဇူလိုင် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း မိသားစုက ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၇ နာရီ အချိန်က ဥယျာဉ်ရပ်ကွက် ဆင်တောင်(လွိုင်စန့်)ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျောင်းထိုင်ဆရာတော်အမှူးပြုသော ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/ကျောင်းသူတို့က နမောတဿသုံးကြိမ်ရွတ်ဆိုကာ ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဆင်တောင်(လွိုင်စန့်)ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအိအိစံနှင့် ဆရာ/ဆရာမတို့က ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ အခြေခံပညာအထက်တန်းကျောင်းမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမှုတွင် စုစုပေါင်းတန်ဖိုး ၃၆ သိန်းဖြစ်ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)