ဇမ္ဗူသီရိမြို့နယ်၌ ငလျင်ဘေးနှင့်ရေဘေးအပါအဝင် မီးဘေးလုံခြုံ‌ရေး အသိပညာပေးဟောပြောပွဲနှင့် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းများဆောင်ရွက်

ဇမ္ဗူသီရိ ဇူလိုင် ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက် Soe San ကိုယ်ပိုင်အထက်တန်း‌ကျောင်းတွင် ငလျင်ဘေးနှင့်ရေဘေးအပါအဝင် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါကအချိန်နှင့်တစ်ပြေးညီ အနီးကပ်စီမံဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက Soe San ကိုယ်ပိုင်အထက်တန်းကျောင်းရှိ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်သူများအား မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်း၊  မီးသတ်ဆေးဘူးအသုံးပြုခြင်း၊   ဆီမီးလောင်မှု၊

ဂတ်စ်မီးလောင်မှုငြှိမ်းသတ်သရုပ်ပြခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ဘေးကင်းလွတ်မြောက်ရာသို့ စနစ်တကျထွက်ခွာခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခန်းများကို‌  ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ငလျင်ဘေးနှင့်ရေဘေး၊ မီးဘေးအပါအဝင်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ငလျင်ဘေးနှင့်ရေဘေးကျရောက်ချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မည်သို့တုံ့ပြန်ဆောင်ရွက်ရမည်ကို သိရှိထားရန်လိုအပ်သကဲ့သို့ ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထို့ပြင်  မြို့နယ်အဆင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ လူမှုရေးပရဟိတအဖွဲ့များနှင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာဆောင်ရွက်နိုင်စေရေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။ 

နီလာ(ပြန်/ဆက်)