နေပြည်တော် ဇူလိုင် ၁၁
၂၀၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ၀င်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် ဦးတည်ချက်ကို ချမှတ်ဆောင်ရွက်အကောင်အထည်ဖော်လျက်ရှိကြောင်း၊ မြန်မာ့ရိုးရာအမွေအနှစ်ကို ထိန်းသိမ်းမြတ်နိုးတတ်စေရန်၊ မြန်မာ့ရိုးရာခြင်းလုံးအားကစားကို စိတ်ပါဝင်စား လိုက်စားလာစေရန်၊ နေပြည်တော်ရိုးရာခြင်းလုံးအသင်း အောင်မြင်မှုရရှိစေရန်၊ ရိုးရာခြင်းလုံးအားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်ရည်ရွယ်၍ ရိုးရာခြင်းလုံးပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်ကြောင်း၊ ရိုးရာခြင်းလုံး အားကစားနည်းသည် နည်းစနစ်ကိုအခြေခံပြီး တစ်ဦးချင်းကျွမ်းကျင်မှု၊ လျင်မြန်ဖြတ်လတ်မှု၊ သက်လုံနှင့်ကြံ့ခိုင်မှုတို့ ပြည့်ဝဖို့လိုသည့်အပြင် တစ်ဦးနှင့်တစ်ဦးနားလည်မှုရှိရှိ အပေးအယူမျှမျှနှင့်ယှဉ်ပြိုင်ကစားရသည့် အားကစားနည်းဖြစ်သည့်အတွက် တစ်ဦးချင်းရော၊ အသင်းလိုက်ပါ လေ့ကျင့်မှုပြည့်ဝဖို့ အထူးလိုအပ်တဲ့အားကစားနည်းဖြစ်ပါကြောင်းနှင့် အားကစားဟာ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီးရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ မိမိရဲ့ပြိုင်ဘက်ကိုတရားသောယှဉ်ပြိုင်မှု၊ အောင်မြင်စွာအနိုင်ယူတတ်တဲ့စိတ်ဓါတ်နှင့် စည်းကမ်းကောင်းမွန်မှုကိုလည်း ဖြစ်ထွန်းစေမှာဖြစ်ကြောင်း၊ မျိုးဆက်သစ်အားကစားသမားများကို စနစ်တကျလေ့ကျင့်ပေးပြီး အောင်မြင်မှုများရရှိအောင်စွမ်းဆောင်သွားကြပါလို့ တိုက်တွန်းမှာကြားရင် ၂၀၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် မြန်မာရိုးရာခြင်းလုံး သရုပ်ပြကစားနေမှုအား ကြည့်ရှုအားပေးပြီး သရုပ်ပြခတ်ကစားသည့် အဖွဲ့အား ချီးမြှင့်ငွေ ပေးအပ်ခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပြိုင်ပွဲများဝင်ရန် လေ့ကျင့်ဆောင်ရွက်နေသော မြန်မာ့ရိုးရာသိုင်းအဖွဲ့အားတွေ့ဆုံ၍ အားပေးစကားပြောကာ ချီးမြှင့်ငွေပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပသည့် နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာမိသားစုများ၏ ပန္နရသမအကြိမ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဦးသန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဗုဒ္ဓရောင်ခြည်တော်ဖွင့် ထူးမခြားနား သီချင်းခံသုံးပိုဒ်ဖြင့်ပူဇော်ခဲ့သည်။ ဆက်လက်၍ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက်၊ ပဓာနနာယက၊ အဘိဓဇမဟာ ရဋ္ဌဂုရု၊ ဘဒ္ဒန္တဇနိန္ဒ မဟာထေရ်မြတ်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီးက ပေါက်မြိုင်ကျောင်းတိုက်ဆရာတော်ထံ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများအားလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များနှင့်ဇနီးများက ဆရာတော်သံဃာတော်များထံ လှူဖွယ်ပစ္စည်းများအား လည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်များက နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ အောင်စည်သာ ကျောင်းတိုက်ညဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် သွားနှင့်ခံတွင်း ရောဂါအထူးကုဆေးရုံကြီးသို့သွားရောက်ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနနှင့် နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော သက်ကြီးပုဂ္ဂိုလ်များအား သွားတု(အံကပ်)တပ်ဆင်ခြင်းအခမ်းအနားသို့ တက်ရောက်၍ သက်ကြီးပုဂ္ဂိုလ်များအား သွားတု(အံကပ်)တပ်ဆင်ပေးခြင်း၊ စားသောက်ဖွယ်ရာများပေးအပ်ခြင်းနှင့် ဆေးရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆရာဝန်များအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥပ္ပါတသန္တိစေတီတော်ကြီးသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ်များကို ပြန်လည်ပြုပြင်မွမ်းမံနေမှုအခြေအနေများနှင့် ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများ Cement groutingနှင့် Soil stabilization ဆောင်ရွက်နေမှုများ၊ မူလရင်ပြင်တော်ကြမ်းခင်းအား တူးထုတ်ပြင်ဆင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများမှတင်ပြ ချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများအမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရေရှည်ခိုင်ခံ့မှုရှိအောင် ဆောင်ရွက်ရေး၊ နည်းပညာပိုင်းဆိုင်ရာ ပြုပြင်မွမ်းမံရေးလုပ်ငန်းများ စနစ်တကျစီမံဆောင်ရွက် နိုင်ရေးတို့ကိုမှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေသော တပ်မတော်သားများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ရာဇဌာနီလမ်းမကြီး၊ ရာဇသင်္ဂဟလမ်းမကြီးနှင့် ဇေယျဌာနီလမ်းမကြီးများ သို့သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများအားပြန်လည်ပြုပြင်နေမှုနှင့် နိုင်လွန်ကတ္တရာလမ်း(AC)ခင်းကျင်းနေမှု အခြေအနေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် ရာသီဥတုကောင်းမွန်ချိန်တွင် လူအင်အား၊ စက်ယန္တယားအင်အားတိုးမြှင့်ပြီး အင်တိုက်အားတိုက်ဆောင်ရွက်ရေး၊ အပိုင်းလိုက်အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံမှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိရေလှောင်တမံသို့ သွားရောက်ပြီး ယာယီရေတားတမံဆောင်ရွက်ထားရှိမှုနှင့် ရေထုတ်ပြွန် ပြန်လည်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ တာဝန်ရှိသူများမှ အမြဲမပြတ်ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးကျေးရွာသို့ သွားရောက်ပြီး မိုး၊ ဆောင်း၊ နွေ ရာသီပြည့် သီးနှံများစိုက်ပျိုးရေးနှင့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်ဖြင့် သွင်းအားစုများ ပေးအပ်ပွဲသို့ တက်ရောက်သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီဌာနှင့် မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆင်သေချောင်းတစ်လျောက် ဘေးဝဲယာသီးနှံများ စိုက်ပျိုးထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကာင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာ မိုး၊ ဆောင်း၊ နွေ ရာသီပြည့် သီးနှံများစိုက်ပျိုးနိုင်ရေး၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တောင်သူများကိုယ်တိုင် သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရေး၊ ဆင်သေချောင်းတစ်လျောက် ဘေးဝဲယာပလပ်မြေမရှိအောင် ကွင်းပြည့်စိုက်ပျိုးနိုင်ရေးတို့ကို ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တောင်သူများအား သွင်းအားစုများ ပေးအပ်ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မျိုးသီဟ (ပြန်/ဆက်)