တာချီလိတ် ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ စက်မှုဇုန်အတွင်း မိုးရာသီကာလရေစီးရေလာကောင်းမွန်စေရေးအတွက် စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များက ကိုယ်ထူကိုယ်ထစနစ်ဖြင့် ယမန်နေ့ နံနက်ပိုင်းက စက်မှုဇုန် (၃)လမ်း၌ ရေနုတ်မြောင်းများတူးဖော် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ရေနုတ်မြောင်းတူးဖော်ဆောင်ရွက်ခြင်းကို စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုင်းစိုင်း ဦးဆောင်၍ ရပ်ကွက်နေပြည်သူများ၊ အလှူရှင်များနှင့် စက်ယန္တရားများ၏ စုပေါင်းထည့်ဝင်ကူညီမှုများဖြင့် စက်မှုဇုန်(၁)လမ်းမှ (၅)လမ်းအထိ၊ လမ်းသွယ် (က)လမ်းမှ (ဃ)လမ်းအထိ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် လူအင်အား၊ စက်ယန္တရားများဖြင့်တူးဖော်ရှင်းလင်းခြင်း၊ ကွန်ကရစ် (Pipe Culvert)များ သွယ်တန်းချထားခြင်းများကို ဇူလိုင်လ ၈ ရက်နေ့မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ရေနုတ်မြောင်းတူးဖော်ဆောင်ရွက်နေမှုအခြေအနေများကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်၊ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးစိုင်းစိုင်း၊ မြို့နယ်စည်ပင်သာရေးဌာနဝန်ထမ်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့မီးလင်းရေးဦးဆောင်ကော်မတီဝင်များနှင့် စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များက ကြီးကြပ်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများပြီးစီးပါက မြောင်းအတွင်းရေစီးရေလာကောင်းမွန်၍ မိုးရာသီကာလတွင်ကြုံတွေ့ရသည့် ရေကြီးရေလျှံမှု၊ လေထုညစ်ညမ်းမှုနှင့် ခြင်ကြောင့်ဖြစ်ပွားတတ်သည့် ကျန်းမာရေးဆိုးကျိုးများလည်း ကင်းဝေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)