ဇေယျာသီရိမြို့နယ်၌ မန္တလေးငလျင်ကြီးကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ဇေယျာသီရိ ဇူလိုင် ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း မန္တလေးငလျင်ကြီးကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ထောင်စုများအားထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်၊ နေပြည်တော်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်၊  ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ငလျင်ဘေးကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်းပြိုကျပျက်စီးခဲ့သည့် အိမ်ထောင်စုများမှ မိသားစုဝင်များတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောနိုင်က ငလျင်ဘေးကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် ဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားခဲ့သည်။ ယင်းနောက် ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဇေယျာသီရိမြို့နယ်အတွင်း ငလျင်ဘေးကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် ဘေးသင့်အိမ်ထောင်စု ၁၄၆၂ စု အတွက် နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သည့် အိမ်ထောင်စုတစ်စုလျှင် ငါးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်း ၇၃၁ သိန်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)