ဗိုလ်တထောင်မြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ဗိုလ်တထောင် ဇူလိုင် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ဇူလိုင် ၈ ရက် နံနက် ၉ နာရီအချိန်က မင်္ဂလာရာမပါဠိတက္ကသိုလ်ကျောင်းတိုက်တွင် ဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပေးပြီး မင်္ဂလာရာမပါဠိတက္ကသိုလ်ကျောင်းတိုက်၏ ဦးစီးပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာရာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် ကြွရောက်လာသော သံဃာတော်အရှင်သူမြတ်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က သာသနာရေးဆိုင်ရာများလျှောက်ထားပြီး ကြွရောက်လာသော နိုင်ငံတော်ဗဟိုသံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များ၊ ရပ်ကွက်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်တို့အား ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုငွေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်အလှူရှင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်တို့က ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ဗိုလ်တထောင်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တသီလဝံသမှ ရေစက်ချအနုမောဒနာတရားဟောကြားခဲ့ပြီး မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူခြင်းအခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဇနီးတို့က ရတနာရွှေမိုးငွေမိုးများရွာသွန်းခဲ့ကြောင်း သိရှိရသည်။

ထို့နောက် ပင့်သံဃာတော်များအား နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် အခမ်းအနားသို့တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များအား ဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါသည်။

ခင်ဝင်း (ပြန်/ဆက်)