တာမွေ ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ ဗျိုင်းရေအိုးစင် (ရွာမ)ရပ်ကွက်လုံးဆိုင်ရာ “ဧ”ဓမ္မာရုံ စောင့်ရှောက်ရေးနှင့် ရဟန်းခံရှင်ပြုအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၄၂)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အဆိုပါ “ဧ”ဓမ္မာရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပင့်သံဃာတော်အရှင်သူမြတ်များနှင့် တက်ရောက်လာကြသူများက “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာကြသူများသည် ဘုရားအမှူးပြုသော ပင့်သံဃာတော်အရှင်သူမြတ်မျာအား ဩကာသကန်တော့ကျိုးဖြင့် ရှိခိုးပူဇော်ခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများသည် “ဧ” ဓမ္မာရုံစောင့်ရှောက်ရေးနှင့် ရဟန်းခံရှင်ပြုအဖွဲ့၏ ဩဝါဒစရိယ၊ တာမွေမြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မင်္ဂလသုခ ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ ဆရာတော်ဘဒ္ဒန္တစန္ဒောဘာသ (ဂန္တဝါစကပဏ္ဍိတ)ထံမှ ကိုးပါးသီလခံယူစောင့်တည်ခဲ့ပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်ပူဇော်သည့် ပရိတ်တရားတော်များအား နာယူခဲ့ကြသည်။ ထို့နောက် ဗျိုင်းရေအိုးစင်(ရွာမ)ရပ်ကွက်လုံးဆိုင်ရာ “ဧ”ဓမ္မာရုံစောင့်ရှောက်ရေးနှင့် ရဟန်းခံရှင်ပြုအဖွဲ့ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ (၇)ရက်သားသမီးအလှူရှင်များမှ ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် မင်္ဂလသုခပါဠိတက္ကသိုလ်ကျောင်းတိုက်၊ ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ (ဂန္တဝါစကပဏ္ဍိတ)ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ယင်းနောက် “ဗုဒ္ဓသာသနံစိရံတိဌတု” (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး ပင့်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိပါသည်။
ထက်တံခွန် (ပြန်/ဆက်)